NASA က နျူကလီးယားစွမ်းအင်သုံး အာကာသယာဉ်ကို ၂၀၂၈ ခုနှစ်တွင် အင်္ဂါဂြိုဟ်ဆီ လွှတ်တင်ရန် ရည်မှန်း
NASA သည် Space Reactor-1 (SR-1) Freedom အာကာသယာဉ်ကို ၂၀၂၈ ခုနှစ် ဒီဇင်ဘာလတွင် လွှတ်တင်ပြီး ၂၀၂၉ ခုနှစ်တွင် အင်္ဂါဂြိုဟ်သို့ ရောက်ရှိရန် ရည်မှန်းထားသည်။ ဒီဇင်ဘာလတွင် လွှတ်တင်နိုင်ပါက သမ္မတ Donald Trump ၏ သက်တမ်းကုန်ဆုံးမည့် ၂၀၂၉ ခုနှစ် ဇန်နဝါရီလမတိုင်မီ ဖြစ်သည်။ NASA က ယာဉ်ဒီဇိုင်း၏ အဓိကအချက်များကို သတ်မှတ်ပြီးဖြစ်ကြောင်း နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယာဉ်တည်ဆောက်ရေးတွင် Sierra Lobo Inc. က ဓာတ်ပေါင်းဖိုမှ ထွက်သည့်အပူကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းပေးမည့်စနစ်ကို ပံ့ပိုးမည်ဖြစ်ပြီး Idaho National Laboratory က ဓာတ်ပေါင်းဖိုကို ဒီဇိုင်းရေးဆွဲ တီထွင်နေသည်။ NASA ၏ ထုတ်ပြန်ချက်များတွင် ယာဉ်တစ်စင်းလုံး တည်ဆောက်ရေးအတွက် အဓိကကန်ထရိုက်တာကို အမည်ဖော်ပြထားခြင်း မရှိသေးပေ။
မစ်ရှင်အောင်မြင်ပါက SR-1 Freedom သည် နျူကလီးယားဓာတ်ပေါင်းဖိုမှ ထုတ်ပေးသည့် လျှပ်စစ်စွမ်းအင်ဖြင့် ကမ္ဘာပတ်လမ်းကြောင်းကို ကျော်လွန်ပျံသန်းသည့် ပထမဆုံး အာကာသယာဉ် ဖြစ်လာမည်။ အင်္ဂါဂြိုဟ်အနီးမှ ဖြတ်သန်းစဉ် SkyFall အစီအစဉ်အတွက် Ingenuity ဒီဇိုင်းကို အခြေခံထားသည့် ရဟတ်ယာဉ်ငယ် သုံးစင်းကို ဖြန့်ချမည်။ ရဟတ်ယာဉ်များက အနာဂတ် လူလိုက်ပါမည့် မစ်ရှင်များအတွက် ဆင်းသက်နိုင်မည့် နေရာများကို စစ်တမ်းကောက်ယူပြီး မြေမျက်နှာပြင်အောက်တွင် ရေရှိမရှိ ရှာဖွေမည်။





















