၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နိုင်ငံတကာတရားရုံး (ICJ) ၏ စီရင်ချက်ကို မြန်မာအာဏာပိုင်များ ပယ်ချခဲ့ပြီးနောက်၊ မြန်မာ့အရေးဆွေးနွေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူဖို့ တောင်းဆိုမည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot ၏ ညွှန်ကြားချက်အရ ယခုတောင်းဆိုမှုကို ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ICJ စီရင်ချက်များသည် အပြီးသတ်ဖြစ်ပြီး အမှုသည်နိုင်ငံများက လိုက်နာရမည်ဟု ပြင်သစ်က အလေးပေးပြောကြားခဲ့သည်။ အစည်းအဝေးကျင်းပမည့်ရက်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိသေးပေ။
ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့သည့် အမှုတွင် ICJ က နိုဝင်ဘာ ၁၉ ရက်၌ ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲဖြင့် မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် အပြစ်ပေးရေး သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။ အကြမ်းဖက်မှုကြောင့် ထွက်ပြေးခဲ့ရသူများ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ရန်လည်း တရားရုံးက မြန်မာနိုင်ငံကို အမိန့်ချမှတ်ခဲ့သည်။ နောက်တစ်ရက်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက စီရင်ချက်အပေါ် စိတ်ပျက်မိကြောင်း ထုတ်ပြန်ပြီး စစ်ဆင်ရေးများတွင် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိခဲ့သည်ဆိုသော တရားရုံး၏ တွေ့ရှိချက်ကို ငြင်းဆိုခဲ့သည်။
လုံခြုံရေးကောင်စီက ဘာလုပ်နိုင်သလဲ
ပြင်သစ်က ကိုးကားသည့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ် ၉၄(၂) အရ အမှုသည်နိုင်ငံတစ်နိုင်ငံက ICJ စီရင်ချက်ပါ တာဝန်များကို မလိုက်နာပါက အခြားအမှုသည်နိုင်ငံက လုံခြုံရေးကောင်စီထံ တင်ပြနိုင်သည်။ ယခုအမှုတွင် ထိုသို့ တင်ပြနိုင်သည့် အမှုသည်နိုင်ငံမှာ ဂမ်ဘီယာဖြစ်သည်။ လုံခြုံရေးကောင်စီက လိုအပ်သည်ဟု ယူဆပါက စီရင်ချက်ကို အကောင်အထည်ဖော်ရန် အကြံပြုချက်များ ထုတ်ပြန်နိုင်သလို ဆောင်ရွက်ရမည့် အစီအမံများကိုလည်း ဆုံးဖြတ်နိုင်သည်။
#MungdanNews #Myanmar #Rohingya #ICJ #UNSecurityCouncil #France





















