ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စီရင်ချက်၏ အချို့အပိုင်းများကို လိုက်နာမည်မဟုတ်ဟု မင်းအောင်လှိုင် ပြော
ရိုဟင်ဂျာလူနည်းစုအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ချမှတ်ခဲ့သည့် စီရင်ချက်တွင် ၎င်း၏အစိုးရက “မသင့်လျော်” ဟု ယူဆသည့် အပိုင်းများကို လိုက်နာမည်မဟုတ်ကြောင်း မင်းအောင်လှိုင်က ပြောသည်။ နိုဝင်ဘာ ၂၅ ရက် အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် Global New Light of Myanmar သတင်းစာက နိုဝင်ဘာ ၂၆ ရက်တွင် ဖော်ပြသည်။
မင်းအောင်လှိုင်က ယင်းအမှုကို မြန်မာနိုင်ငံအပေါ် “တစ်ဖက်သတ် စွပ်စွဲမှု” ဟု ခေါ်ဆိုပြီး “လူမျိုးတုံးသတ်ဖြတ်မှု” ဟူသော အသုံးအနှုန်းကြောင့် နိုင်ငံ၏ ဂုဏ်သိက္ခာ အကြီးအကျယ် ထိခိုက်ခဲ့သည်ဟု ဆိုသည်။ မည်သည့်အပိုင်းများကို လိုက်နာမည်မဟုတ်ကြောင်း နိုင်ငံပိုင်မီဒီယာ၏ ဖော်ပြချက်တွင် အတိအကျ မဖော်ပြထားပေ။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဥက္ကဋ္ဌ တရားသူကြီး ယူဂျီ အီဝါဆာဝါ (Yuji Iwasawa) က ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်သည့် ဂမ်ဘီယာနှင့် မြန်မာအမှု၏ စီရင်ချက်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့၌ ဖတ်ကြားနေစဉ်။
ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် အမှုတင်သွင်းခဲ့ပြီး ICJ က ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲဖြင့် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။ ၂၀၁၇ ခုနှစ် စစ်ဆင်ရေးအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့များက ရိုဟင်ဂျာအရပ်သား ထောင်နှင့်ချီကို သတ်ဖြတ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကလေးငယ်များအပေါ် ပြင်းထန်သည့် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း တရားရုံးက တွေ့ရှိခဲ့သည်။
စီရင်ချက်အရ မြန်မာနိုင်ငံသည် ကျူးလွန်မှုတွင် ပါဝင်သည်ဟု ယုံကြည်ရန် ခိုင်လုံသော အကြောင်းရှိသူများကို စုံစမ်းစစ်ဆေးရမည်ဖြစ်ပြီး အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် အရေးယူဆောင်ရွက်ရမည်။ ထို့ပြင် မူလအခြေအနေ ပြန်လည်ရရှိစေရေး ဆောင်ရွက်ချက်များဖြင့် ကုစား၍မရသည့် ပစ္စည်းဥစ္စာဆိုင်ရာ နစ်နာဆုံးရှုံးမှုများအတွက် ရိုဟင်ဂျာများကို လျော်ကြေးပေးရမည်။ ဆောင်ရွက်ပြီးသည့် ကုစားမှုများနှင့် အဆိုပြုလျော်ကြေးပမာဏကိုလည်း နှစ်နှစ်အတွင်း တရားရုံးသို့ အစီရင်ခံရမည်။





















