ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ကြိုဆိုပြီး မြန်မာနိုင်ငံအနေဖြင့် စီရင်ချက်ကို လိုက်နာရန် တိုက်တွန်းလိုက်သည်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့သည့် အမှုတွင် ICJ က ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲဖြင့် ဆုံးဖြတ်ခဲ့သည်။ ယင်းသည် နိုင်ငံတစ်နိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းအတွက် ICJ က ပထမဆုံးအကြိမ် တာဝန်ရှိကြောင်း ဆုံးဖြတ်ခြင်းဖြစ်သည်။
Guterres က ယင်းစီရင်ချက်သည် လူမျိုးတုံးသတ်ဖြတ်မှု ခံခဲ့ရသည့် ရိုဟင်ဂျာများအတွက် အရေးပါသော အသိအမှတ်ပြုမှုဖြစ်ပြီး နိုင်ငံတကာ တရားမျှတမှုကို ဖော်ပြသည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စီရင်ချက်သည် ဥပဒေအရ လိုက်နာရန် တာဝန်ရှိပြီး အယူခံဝင်ခွင့်မရှိသည့် အပြီးသတ်ဆုံးဖြတ်ချက်ဖြစ်ကြောင်းလည်း ၎င်းက အလေးပေးပြောဆိုခဲ့သည်။
“မြန်မာနိုင်ငံမှာ ကျူးလွန်သူတွေ အပြစ်ပေးမခံရတဲ့ သံသရာကို ဖြတ်တောက်ပြီး တာဝန်ရှိသူတွေကို တာဝန်ခံစေတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်” ဟု Guterres က ပြောသည်။
#MungdanNews #UnitedNations #AntonioGuterres #ICJ #Rohingya #Myanmar





















