မြန်မာနိုင်ငံတွင် ပြင်းထန်သည့် ရာဇဝတ်မှုသတင်းများ နေ့စဉ်နီးပါး ရရှိနေဟု IIMM အကြီးအကဲ ပြော
မြန်မာနိုင်ငံတွင် အလွန်ပြင်းထန်သည့် ရာဇဝတ်မှုများနှင့်ပတ်သက်သော သတင်းအသစ်များကို နေ့စဉ်နီးပါး လက်ခံရရှိနေကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ နီကိုလပ်စ် ကွန်ဂျီယန် (Nicholas Koumjian) က နိုဝင်ဘာ ၂၇ ရက်တွင် ဂျပန်အမျိုးသား သတင်းစာကလပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

နိုဝင်ဘာ ၁၉ ရက်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဆိုပါစီရင်ချက်ကို လေးစားလိုက်နာရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်ကြရန်နှင့် စီရင်ချက်အရ မြန်မာနိုင်ငံက ဖြည့်ဆည်းရမည့် တာဝန်များကို လိုက်နာနိုင်ရေး ကူညီပေးကြရန် Koumjian က တိုက်တွန်းခဲ့သည်။
ပဋိပက္ခကြောင့် မြန်မာနိုင်ငံတွင် လူသန်းနှင့်ချီ နေရပ်စွန့်ခွာခဲ့ရပြီး အနည်းဆုံး လူသိန်းနှင့်ချီ အိမ်နီးချင်းနိုင်ငံများတွင် နေထိုင်နေရကြောင်းလည်း ၎င်းက ပြောသည်။ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ငွေကြေးလိမ်လည်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစနစ် ပြိုလဲမှု၏ နောက်ဆက်တွဲ အကျိုးဆက်များသည် နယ်စပ်ဖြတ်ကျော် သက်ရောက်နေသဖြင့် မြန်မာ့အရေးသည် နိုင်ငံတကာနှင့် သက်ဆိုင်သည့် ပြဿနာဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။





















