နိုင်ငံခြားထောက်လှမ်းရေးထံ နိုင်ငံတော်လျှို့ဝှက်ချက်များ ပေးပို့မှုဖြင့် တရုတ်အစိုးရအရာရှိတစ်ဦး သေဒဏ်ချမှတ်ခံရ
တရုတ်ဗဟိုအစိုးရ အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အရာရှိတစ်ဦးကို နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့ထံ နိုင်ငံတော်လျှို့ဝှက်ချက်များ ပေးပို့မှုဖြင့် တရုတ်တရားရုံးတစ်ရုံးက သေဒဏ်ချမှတ်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ နိုင်ငံတော်လျှို့ဝှက်ချက် ကာကွယ်ရေးဌာနနှင့် ဆက်နွှယ်သည့် Baomiguan WeChat စာမျက်နှာက နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်သည်။ အရာရှိ၏ မျိုးရိုးအမည် Ma ကိုသာ ဖော်ပြထားသည်။
ထုတ်ပြန်ချက်အရ Ma သည် နိုင်ငံရပ်ခြားတွင် တာဝန်ထမ်းဆောင်စဉ် နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့တစ်ခု၏ စည်းရုံးခံခဲ့ရသည်။ တရုတ်နိုင်ငံသို့ ပြန်လာပြီးနောက် ၎င်းကို ဆက်သွယ်ညွှန်ကြားသူ၏ စေခိုင်းချက်ဖြင့် ထောက်လှမ်းရေးအစီရင်ခံစာ ၁၀၀ ကျော် ပေးပို့ခဲ့သည်ဟု ဆိုသည်။ ပေးပို့ခဲ့သည့် အချက်အလက်များအနက် ၃၅ ခုကို နိုင်ငံတော်လျှို့ဝှက်ချက်များအဖြစ် သတ်မှတ်ခဲ့ပြီး Ma သည် ယွမ် ၁ သန်းကျော် (အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ခန့်) ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရားရုံးက Ma ကို သူလျှိုမှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး သေဒဏ်အပြင် ၎င်း၏ ကိုယ်ပိုင်ပစ္စည်းအားလုံးကို သိမ်းဆည်းရန်နှင့် နိုင်ငံရေးအခွင့်အရေးများကို တစ်သက်တာ ရုပ်သိမ်းရန် အမိန့်ချမှတ်ခဲ့ကြောင်း South China Morning Post က ဖော်ပြသည်။
Ma တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးဌာန၊ သတင်းအချက်အလက် လက်ခံခဲ့သည့် နိုင်ငံနှင့် ထောက်လှမ်းရေးအဖွဲ့၊ စီရင်ချက်ချသည့် တရားရုံးနှင့် ရက်စွဲတို့ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။ သေဒဏ်ကို အကောင်အထည်ဖော်ပြီးခြင်း ရှိမရှိလည်း မသိရသေးဘဲ အမှုအသေးစိတ်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း Reuters က ဖော်ပြသည်။
#MungdanNews #China #Espionage #StateSecrets #တရုတ်သတင်း





















