Trump တားမြစ်နေချိန် စိန့်ပီတာစဘတ် ရေနံဆိပ်ကမ်း တိုက်ခိုက်ခံရကြောင်း သတင်းထွက်
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် အောက်တိုဘာ ၁၈ ရက် အစောပိုင်း ဒရုန်းတိုက်ခိုက်မှုအတွင်း ပေါက်ကွဲမှုများနှင့် ဆိပ်ကမ်းအနီး မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း The Kyiv Independent က ဖော်ပြသည်။ ရေနံတင်ပို့ရေးဆိပ်ကမ်း ပစ်မှတ်ထားခံရကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဆိပ်ကမ်းတစ်ခုလုံး ဖျက်ဆီးခံရသည်ဆိုသည့်အချက်ကို အတည်မပြုနိုင်သေးပါ။

လီနင်ဂရက်ဒေသ အုပ်ချုပ်ရေးမှူး Aleksandr Drozdenko က ယူကရိန်းဒရုန်း ၅၇ စီး ပစ်ချခဲ့ကြောင်း ပြောဆိုထားသည်။ ဆိပ်ကမ်းအဆောက်အအုံများ ထိခိုက်ခဲ့ကြောင်း သတင်းများရှိသော်လည်း ပစ်မှတ်များနှင့် ပျက်စီးဆုံးရှုံးမှုပမာဏကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သတင်းဌာနက ဆိုသည်။
ယခုဖြစ်စဉ်သည် အမေရိကန်သမ္မတ Donald Trump က ရုရှားစွမ်းအင်အဆောက်အအုံများ တိုက်ခိုက်ခြင်းကို ရပ်တန့်ရန် တောင်းဆိုနေချိန်တွင် ဖြစ်ပွားခြင်းဖြစ်သည်။ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကမူ ရုရှား၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ရုရှားစွမ်းအင်ပစ်မှတ်များအပေါ် တိုက်ခိုက်မှုကို ဆက်လုပ်မည်ဟု ပြောကြားထားကြောင်း Reuters က ဖော်ပြသည်။





















