အိန္ဒိယ–တရုတ်နယ်စပ်၊ Sikkim ပြည်နယ်မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၃၂ နှစ်အရွယ် အိန္ဒိယစစ်သည် Lance Naik Ebet Paloh သည် အောက်တိုဘာ ၁၉ ရက်က သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြသည်။ ၎င်းသည် အမှတ် (၂) Arunachal Scouts တပ်ဖွဲ့ဝင်ဖြစ်ပြီး စစ်မှုထမ်းသက် ၁၃ နှစ်ရှိပြီဖြစ်သည်။

Arunachal Pradesh ပြည်နယ်၊ Upper Siang ခရိုင်၊ Geku Kumku ကျေးရွာဇာတိဖြစ်သူ Paloh သေဆုံးမှုအတွက် အိန္ဒိယတပ်မတော် အရှေ့ပိုင်းစစ်ဌာနချုပ်နှင့် ပြည်နယ်ဒုတိယဝန်ကြီးချုပ် Chowna Mein တို့က ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။ တပ်မတော်က ကျန်ရစ်သူမိသားစုနှင့်အတူ ရပ်တည်သွားမည်ဟု ပြောကြားခဲ့သည်။

သေဆုံးရသည့် အကြောင်းရင်းအသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးသဖြင့် တရုတ်တပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း သေဆုံးခဲ့ခြင်း သို့မဟုတ် နှစ်နိုင်ငံစစ်ပွဲ စတင်နေပြီဆိုသည့် ပြောဆိုချက်များကို အတည်မပြုနိုင်သေးပါ။
မူရင်းရင်းမြစ် — အိန္ဒိယတပ်မတော် အရှေ့ပိုင်းစစ်ဌာနချုပ်နှင့် Chowna Mein တို့၏ ထုတ်ပြန်ချက်များ၊ Arunachal24 မှတစ်ဆင့်။





















