ဒရုန်းသံကို AI ဖြင့် ခွဲခြားသတိပေးမည့် ဝတ်ဆင်နိုင်သောစနစ် အစ္စရေးကုမ္ပဏီ တီထွင်နေ
ရှေ့တန်းတပ်ဖွဲ့ဝင်များအတွက် ဒရုန်းများ၏ အသံလက္ခဏာကို ထောက်လှမ်းခွဲခြား၍ ခြိမ်းခြောက်မှုကြိုတင်သတိပေးနိုင်မည့် တစ်ဦးချင်းဝတ်ဆင်သုံး AI စနစ်ကို တီထွင်နေကြောင်း အစ္စရေးကာကွယ်ရေးနည်းပညာကုမ္ပဏီ Silynxcom က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါစနစ်သည် လက်ရှိတွင် ရှေ့ပြေးနမူနာအဆင့်၌ ရှိနေဆဲဖြစ်သည်။

စနစ်သစ်တွင် ကိရိယာအတွင်း တပ်ဆင်ထားသော AI က ဒရုန်း၏ အသံလက္ခဏာများကို အချိန်နှင့်တစ်ပြေးညီ စိစစ်ပြီး ဖြစ်နိုင်ခြေရှိသည့် လေကြောင်းခြိမ်းခြောက်မှုကို တွေ့ရှိပါက တပ်ဖွဲ့ဝင်ထံ အလိုအလျောက် သတိပေးနိုင်ရန် ရည်ရွယ်ထားသည်။ လက်ရှိစစ်သုံးနားကြပ်များက ဒရုန်းသံကို ပိုမိုကြားနိုင်အောင် မြှင့်တင်ပေးသည့် နည်းပညာကို အခြေခံ၍ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြစ်သည်။
ကုမ္ပဏီ၏ ပြောကြားချက်အရ အသံအခြေပြုထောက်လှမ်းမှုသည် ရေဒီယိုလှိုင်းအချက်ပြ ထောက်လှမ်းရေးစနစ်များမှ လွတ်မြောက်နိုင်သည့် ဖိုင်ဘာအော့ပတစ်ကြိုးထိန်း FPV ဒရုန်းများကို ရှာဖွေရာတွင် အထောက်အကူပြုနိုင်သည်။ ယင်းဒရုန်းများသည် ထိန်းချုပ်ရေးအတွက် ရေဒီယိုဆက်သွယ်မှု မလိုအပ်သော်လည်း မော်တာနှင့် ပန်ကာများမှ အသံထွက်ရှိနေဆဲဖြစ်သည်။
တပ်စုအဆင့် ခြိမ်းခြောက်မှုသတင်း မျှဝေနိုင်ရန် ကိရိယာများအချင်းချင်း တိုက်ရိုက်ချိတ်ဆက်သည့် Mesh ကွန်ရက်ကိုလည်း တီထွင်နေသည်။ ယင်းလုပ်ဆောင်ချက် အကောင်အထည်ပေါ်လာပါက တပ်ဖွဲ့ဝင်တစ်ဦး၏ ကိရိယာမှ ထုတ်ပေးသော ဒရုန်းသတိပေးချက်ကို ချိတ်ဆက်ထားသည့် အခြားတပ်ဖွဲ့ဝင်များထံ ဖြန့်ဝေနိုင်မည်ဖြစ်သည်။ စနစ်ကို သီးခြားအသုံးပြုနိုင်သကဲ့သို့ လိုအပ်ပါက လက်ရှိနည်းဗျူဟာဆက်သွယ်ရေးပစ္စည်းများနှင့် ချိတ်ဆက်နိုင်ရန်လည်း စီစဉ်ထားသည်။
သို့သော် ထောက်လှမ်းအကွာအဝေး၊ ပစ်မှတ်ခွဲခြားတိကျမှုနှင့် တိုက်ပွဲဝင်အခြေအနေအောက် စမ်းသပ်အကဲဖြတ်ရလဒ်များကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။ လက်ရှိကြေညာထားသည့် စွမ်းရည်မှာ ထောက်လှမ်းရေးနှင့် ကြိုတင်သတိပေးရေး အတွက်ဖြစ်ပြီး ဒရုန်းကို နှောင့်ယှက်တားဆီးခြင်း သို့မဟုတ် ပစ်ချဖျက်ဆီးခြင်းဆိုင်ရာ စွမ်းရည်ကို ဖော်ပြထားခြင်း မရှိပေ။
သတင်းရင်းမြစ် — Silynxcom / GlobeNewswire
ဓာတ်ပုံမူပိုင် — Silynxcom





















