မြန်မာဘက်မှ ပစ်ခတ်မှုကြောင့် ထိခိုက်ပါက တုံ့ပြန်မည်ဟု ထိုင်းတပ် သတိပေး
မြန်မာနိုင်ငံအတွင်း နယ်စပ်တိုက်ပွဲများမှ ကျည်ဆန်နှင့် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက် ကျရောက်လာမှုကို ကိုင်တွယ်ရန် အစီအမံလေးရပ် ချမှတ်ထားကြောင်း ထိုင်းစစ်တပ် နရေဆွမ်တပ်ဖွဲ့လက်အောက်ရှိ ရာချမနူအထူးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။ ယင်းအစီအမံများတွင် နယ်စပ်ကာကွယ်ရေး၊ သံတမန်ရေးညှိနှိုင်းမှု၊ ပြည်သူများကို ကာကွယ်ကူညီရေးနှင့် စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုအကူအညီတို့ ပါဝင်သည်။
ထိုင်းပိုင်နက်အတွင်း ကျည်ဆန်များ ကျရောက်လာပါက ပစ်ခတ်လာသည်ဟု ယူဆရသော နေရာဘက်သို့ မီးခိုးကျည်ဖြင့် သတိပေးမည်ဖြစ်သည်။ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်ကြောင်း အထောက်အထားတွေ့ရှိပါက သို့မဟုတ် ထိုင်းပြည်သူများ၏ အသက်နှင့် ပိုင်ဆိုင်မှု ထိခိုက်ပါက ပစ်ခတ်မှုရပ်တန့်စေရန် အချိုးကျ စစ်ရေးတုံ့ပြန်မှု ဆောင်ရွက်နိုင်ကြောင်း တပ်ဖွဲ့က ပြောသည်။
နယ်စပ်တစ်လျှောက် တပ်အင်အားနှင့် စစ်ဆေးရေးဂိတ်များ တိုးမြှင့်ကာ သောင်ရင်းမြစ်တစ်လျှောက် ကုန်းကြောင်း၊ ရေကြောင်း ကင်းလှည့်မှုများ ဆောင်ရွက်မည်ဖြစ်သည်။ ဒရုန်းနှင့် လေယာဉ်များဖြင့်လည်း အခြေအနေကို စောင့်ကြည့်မည်ဟု ဆိုသည်။
ထို့ပြင် နယ်စပ်ကော်မတီများနှင့် သံတမန်လမ်းကြောင်းမှတစ်ဆင့် မြန်မာစစ်တပ်ကို ဆက်သွယ်ကန့်ကွက်မည်ဖြစ်ပြီး အန္တရာယ်ရှိသည့်ဒေသများတွင် ပြည်သူရွှေ့ပြောင်းရေး၊ ခိုလှုံရာနှင့် ဗုံးခိုကျင်းများ ပြင်ဆင်ရေး၊ ထိခိုက်ဆုံးရှုံးမှုအတွက် အရေးပေါ်လျော်ကြေးပေးရေးတို့ ဆောင်ရွက်ရန် စီစဉ်ထားသည်။
မြန်မာစစ်ဘေးရှောင်များကို သတ်မှတ်ထားသော လုံခြုံရေးနေရာများတွင် လက်ခံကူညီကာ အခြေအနေတည်ငြိမ်လာပါက မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေး ညှိနှိုင်းပေးမည်ဟုလည်း ထုတ်ပြန်ထားသည်။
သတင်းရင်းမြစ် — Khaosod Thai၊ Khaosod English၊ ရာချမနူအထူးတပ်ဖွဲ့၏ အောက်တိုဘာ ၂၆ ရက် ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြမှုများ။





















