ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့များက ညပိုင်းစစ်ဆင်ရေးအတွင်း ရုရှားနိုင်ငံ Voronezh ဒေသရှိ လေတပ်စခန်းတစ်ခုကို Long Neptune ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ Su-34 တိုက်လေယာဉ် လေးစင်း ဖျက်ဆီးနိုင်ခဲ့ပြီး နောက်ထပ် နှစ်စင်း ထိမှန်ခဲ့ကြောင်း သမ္မတ ဇယ်လန်စကီးက ပြောကြားသည်။ အဆိုပါလေယာဉ်များတွင် ယူကရိန်းကို တိုက်ခိုက်ရန် လေကြောင်းဗုံးများ တင်ဆောင်ထားကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် Oryol ဒေသရှိ တိုက်ခိုက်ရေးဒရုန်း သိုလှောင်၊ လွှတ်တင်ရာနေရာနှင့် ပင်လယ်နက်အတွင်းရှိ ပစ်မှတ်တစ်ခုကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ ရုရှား၏ တိုက်ခိုက်မှုများကို တုံ့ပြန်ခြင်းဖြစ်ပြီး တာဝေးစစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်မည်ဟု ဇယ်လန်စကီးက ပြောသည်။ ထိခိုက်ပျက်စီးမှုအဆိုများကို သီးခြားအတည်ပြုထားခြင်း မရှိသေးပါ။





















