ဖိလစ်ပိုင် POGO စီးနင်းမှုတွင် နိုင်ငံခြားသား ၂၄၄ ဦး ဖမ်းဆီး၊ မြန်မာနိုင်ငံသားများလည်း ပါဝင်
ဖိလစ်ပိုင်နိုင်ငံ ဇမ်ဘိုအန်ဂါ စီဘူဂေးပြည်နယ်ရှိ ဆီအေးနှင့် အလီစီယာမြို့နယ်တို့တွင် အောက်တိုဘာ ၂ ရက်က တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်း (POGO) သံသယရှိသည့်နေရာများကို အာဏာပိုင်များက တစ်ပြိုင်နက် ဝင်ရောက်စီးနင်းပြီး နိုင်ငံခြားသား ၂၄၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန (BI) က ထုတ်ပြန်သည်။

ဆီအေးတွင် ၁၁၃ ဦးနှင့် အလီစီယာတွင် ၁၃၁ ဦး ဖမ်းဆီးခဲ့ပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်သည်။ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံသားများလည်း ပါဝင်သော်လည်း မည်သူမည်ဝါနှင့် နိုင်ငံသားဖြစ်မှုကို ဆက်လက်စစ်ဆေးနေသည်။ မြန်မာနိုင်ငံသားအရေအတွက်ကို မဖော်ပြထားပါ။

Casa de Coco Pension House ဝင်းအတွင်းမှ မိုဘိုင်းဖုန်း ၃,၀၀၀ ခန့်၊ ကွန်ပျူတာမော်နီတာ ၇၈ လုံး၊ လက်ပ်တော့များနှင့် SIM ကတ်များကို သိမ်းဆည်းခဲ့သည်။ အဆိုပါပစ္စည်းများကို တရားမဝင်အွန်လိုင်းလုပ်ငန်းနှင့် လိမ်လည်မှုများအတွက် အသုံးပြုခဲ့သည်ဟု အာဏာပိုင်များက သံသယရှိနေသည်။
ဖမ်းဆီးခံရသူများကို လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်း ချိုးဖောက်မှုနှင့် တရားမဝင် POGO လုပ်ငန်းဆက်နွယ်မှုတို့အတွက် စုံစမ်းနေပြီး လူကုန်ကူးမှုရှိမရှိကိုလည်း ဆက်လက်စစ်ဆေးနေကြောင်း BI က ဆိုသည်။





















