ကချင်ပြည်နယ် ကျောက်စိမ်းထွက်တဲ့ ဖားကန့်မြို့နဲ့ ဆက်သွယ်တဲ့ ဖားကန့်-နန်းယား-ကားမိုင်း ကားလမ်းမှာ လူ နဲ့ ယာဥ် သွားလာမှုအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဧပြီ ၂၂၊ ၂၀၂၆ မှစ၍ ရက် အကန့်အသတ်မရှိ ပိတ်ပင် လိုက်တယ်။
“ဖားကန့်ဒေသအတွင်း လတ်တလော ရန်သူ့စစ်ရေးလှုပ်ရှားမှုအခြေအနေကြောင့်” အဆိုပါလမ်းကို ရက်အကန့်အသတ်မရှိ (ယာယီ) ပိတ်ထားရကြောင်း KIA တပ်မဟာ (၉) လက်အောက် တပ်ရင်း (၆)က ဧပြီ ၂၁၊ ၂၀၂၆ ရက်နေ့ သတိပေးထုတ်ပြန်ပါတယ်။
အဆိုပါလမ်းကနေ ဖားကန့်သို့ စစ်ကော်မရှင် စစ်အင်အားဖြည့်တင်းရန် သတင်းတွေထွက်ပေါ်လာချိန် KIA က အခုလို လမ်းပိတ်လိုက်တာဖြစ်တယ်။
၂၀၂၁ စစ်တပ်မှ အာဏာသိမ်းပြီးနောက် KIA ပူးပေါင်းတပ်တို့ အားကောင်းလာတဲ့ ဖားကန့်မြို့မှာ ရပ်ထားရတဲ့ အစိုးရ အုပ်ချုပ်ရေးစနစ် ပြန်လည် လည်ပတ်နိုင်ရေးအတွက် စကမ ကြိုးစားနေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေကို မေးမြန်းသိရပါတယ်။




















