“ဝတ်ပြုရာနေရာကို စစ်ရေးအတွက် အသုံးချခြင်းသည် ဘာသာရေးလွတ်လပ်ခွင့်ကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်” — CSW
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့ရှိ နန့်မွန်းနှစ်ခြင်းအသင်းတော်၏ ဝတ်ပြုဆောင်အတွင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့မှုကို ဘာသာရေးလွတ်လပ်ခွင့်အရေး ဆောင်ရွက်နေသည့် CSW အဖွဲ့က ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

CSW ၏ ဖော်ပြချက်အရ စက်တင်ဘာ ၂၃ ရက်က ပြုလုပ်သည့် အခမ်းအနားတွင် SNA အဖွဲ့ဝင် ၄၀၀ ကျော် ပါဝင်ခဲ့ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးက ကြီးကြပ်ခဲ့သည်။ ဝတ်ပြုဆောင်အတွင်း အရက်သောက်ခြင်းနှင့် ကခုန်ခြင်းများလည်း ရှိခဲ့ကြောင်း ဒေသတွင်းသတင်းများကို ကိုးကားဖော်ပြထားသည်။
အဆိုပါဒေသတွင် ၂၀၂၄ ခုနှစ်အစောပိုင်းမှစ၍ ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကချင်ဒေသခံအများစု နေရပ်စွန့်ခွာခဲ့ရကြောင်းလည်း ဖော်ပြထားသည်။
CSW တည်ထောင်သူနှင့် ဥက္ကဋ္ဌ Mervyn Thomas က—
“မြင့်မြတ်သော ဝတ်ပြုရာအိမ်တော်ကို စစ်ရေးအခမ်းအနားကျင်းပရာ နေရာအဖြစ် ပြောင်းလဲပြီး ဝတ်ပြုဆောင်အတွင်း ရည်ရွယ်ချက်ရှိရှိ မလေးစားသော အပြုအမူများ ပြုလုပ်ခြင်းသည် ဘာသာရေး သို့မဟုတ် ယုံကြည်ကိုးကွယ်မှု လွတ်လပ်ခွင့်ကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။

၎င်းက စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များသည် လူမျိုးစုနှင့် ဘာသာရေးလူနည်းစုအသိုင်းအဝိုင်းများကို ခြိမ်းခြောက်ရန် ဘာသာရေးအဆောက်အအုံများကို စနစ်တကျ အသုံးချနေကြောင်း ဝေဖန်ခဲ့သည်။
“ဒီချိုးဖောက်မှုတွေကို စီမံညွှန်ကြားတဲ့ စစ်တပ်အရာရှိတွေကို ငွေကြေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေ အပါအဝင် ပစ်မှတ်ထားအရေးယူဖို့နဲ့ နိုင်ငံတကာအဆင့် တာဝန်ခံမှုရှိလာစေဖို့ ကချင်ဘာသာရေးခေါင်းဆောင်တွေနဲ့အတူ ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု Mervyn Thomas က ဆိုသည်။
ထို့အပြင် မြန်မာစစ်တပ်ထံ နိုင်ငံတကာမှ လက်နက်၊ စစ်ဘက်သုံးပစ္စည်းနှင့် လေယာဉ်ဆီ ပံ့ပိုးမှုအားလုံး ဖြတ်တောက်ရန် CSW က ထပ်မံတောင်းဆိုခဲ့သည်။ ဘာသာရေးဖိနှိပ်မှုနှင့် စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်ပြီး နိုင်ငံတကာတရားစွဲဆိုမှုများတွင် အသုံးပြုနိုင်ရေးအတွက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အပါအဝင် လွတ်လပ်သော သက်သေစုဆောင်းရေးအဖွဲ့များကို ထောက်ပံ့ရန်လည်း တိုက်တွန်းခဲ့သည်။
အမေရိကန်နိုင်ငံရှိ ကချင်နှစ်ခြင်းအသင်းတော်များအဖွဲ့၏ အထွေထွေအတွင်းရေးမှူး Rev. Lakang Dau Qae ကလည်း—
“နိုင်ငံတော်က ခွင့်ပြုထားတဲ့ မြင့်မြတ်ရာနေရာတွေကို စော်ကားဖျက်ဆီးမှုနဲ့ ဘာသာရေးလူနည်းစုတွေကို စနစ်တကျ ဖိနှိပ်မှုအပေါ် အခြေခံပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်လို့ မရပါဘူး” ဟု ပြောကြားခဲ့သည်။
၎င်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုများအတွက် “အထူးစိုးရိမ်ရသောနိုင်ငံ” (CPC) အဖြစ် ချက်ချင်း ပြန်လည်သတ်မှတ်ရန် တောင်းဆိုခဲ့သည်။
ရင်းမြစ် — CSW ထုတ်ပြန်ချက်





















