တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အောက်တိုဘာ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့၌ ရုတ်တရက်ရေကြီးမှုများ ဖြစ်ပွားခဲ့သည်။ Sarıyer ခရိုင်ရှိ Ayazağa ရပ်ကွက်တွင် လမ်းများရေလွှမ်းကာ နေအိမ်နှင့် ဆိုင်များအတွင်း ရေဝင်ခဲ့ပြီး ကားများ ရေစီးနှင့်မျောပါခဲ့သည်။

Anadolu သတင်းဌာန၏ ဖော်ပြချက်အရ Ayazağa တွင် မျောပါသွားသောကားများ အချင်းချင်းတိုက်မိခြင်းနှင့် အဆောက်အအုံများကို ဝင်တိုက်ခြင်းတို့ကြောင့် ပျက်စီးခဲ့သည်။ ဘောလုံးကွင်းတစ်ခု ရေလွှမ်းခဲ့ပြီး အနီးရှိတောင်စောင်းတွင်လည်း မြေပြိုမှုဖြစ်ပွားခဲ့သည်။
ရေကြီးနေသောနေရာမှ မထွက်နိုင်သည့် လူ ၂၀ ခန့်ကို ဆောက်လုပ်ရေးယာဉ်၏ ရှေ့ပုံးဖြင့် ကယ်ထုတ်ခဲ့ရပြီး အခြားပိတ်မိသူများကို ကြိုးများအသုံးပြုကာ ကယ်ဆယ်ခဲ့ကြသည်။ Kağıthane ချောင်း ရေလျှံမှုကြောင့် Kağıthane–Piyalepaşa ဥမင်လမ်းလည်း ပိတ်ခဲ့ရသည်။

အာဏာပိုင်များက မလိုအပ်ဘဲ အပြင်မထွက်ရန်နှင့် မြေအောက်ထပ်နေထိုင်သူများ ပိုမိုလုံခြုံသောနေရာသို့ ပြောင်းရွှေ့ရန် တိုက်တွန်းထားသည်။ ရာသီဥတုဆိုးရွားမှုကြောင့် အောက်တိုဘာ ၁၅ ရက်တွင် ကျောင်းများတစ်ရက်ပိတ်မည်ဖြစ်ကြောင်း AP က ဖော်ပြသည်။





















