ဖားကန့် နမ္မဖြစ်ကက်သလစ်စစ်ရှောင်စခန်းမှာ ဧပြီ ၂၃၊ ၂၀၂၆ ကြာသပတေးနေ့ ည ၁၀နာရီခန့်က မြန်မာ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ခံရပြီး ကလေးတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်။
သေဆုံးသူဟာ အသက် ၁၃ နှစ်အရွယ် သားလေး Sut Jat Awng (ဆွတ်ဂျတ်အောင်) ဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့ ကလေး နဲ့ လူကြီး သူတို့အားလုံးဟာ မိသားစုတစ်စုထဲကဖြစ်ကြတယ်လို့ သူတို့နဲ့နီးစပ်သူတွေ Mungdan (မုန်းဒန်)ကို ပြောပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာမှာတွေ့ရတဲ့ လက်နက်ကြီး ကျည် အပိုင်းအစတွေကိုကြည့်ရင် စစ်တပ်မှာသုံးတဲ့ ၆၀ မမ ကျည် အမျိုးအစားဖြစ်တာကို တွေ့ရပါတယ်။

ပန်းတင်ဘုရားစေတီ ခေါ် နဂါရုံဘုရားမှာ စခန်းချနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ဒရုန်းနဲ့ပစ်ခတ်ခံရပြီးနောက် အနီးရှိ စစ်ရှောင်စခန်းသို့ အကြောင်းမဲ့ပစ်ခတ်တာဖြစ်တယ်လို့ မျက်မြင်တွေ Mungdan (မုန်းဒန်)ကို ပြောပါတယ်။
တချိန်ထဲမှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ရဲ့ မကြုံဘူးတဲ့ရိုင်းစိုင်းတဲ့ ခိုးဆိုးလုယက်သတ်ဖြတ်ခြင်း ကိုပါ ဖားကန့်ပြည်သူတွေ နေ့စဥ်လိုလိုကြုံနေရကြောင်း မေးမြန်းသိရပါတယ်။




















