ဟူစတန်မှာ နေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တချို့ကို နှစ်ပတ်အတွင်းအမေရိကန်နိုင်ငံကနေ ထွက်ခွါသွားကြဖို့ Department of Homeland Security (DHS) ခေါ် အမိမြေလုံခြုံရေးဌာနက စာနဲ့ စတင်အကြောင်းကြား လာပါတယ်။
နှစ်သစ်အပတ်ကစပြီး တက္ကဆက်စ်ပြည်နယ်၊ ဟူစတန်မြို့မှာ နေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တချို့ဟာ အဆိုပါ အကြောင်းကြား စာ လက်ခံရကြကြောင်း ဟူစတန် ဒုက္ခသည်အသိုင်းအဝိုင်းက ဆိုပါတယ်။
အခုလို အကြောင်းကြားခံရတဲ့ ဒုက္ခသည်တွေဟာ green card အဆင့်ကိုင်ဆောင်ထားကြသူတွေဖြစ်တယ်လို့ သိရတယ်။
သမ္မတ ထရမ့်က သူ့ရှေ့သမ္မတဟောင်း ဘိုင်ဒန်အစိုးရကာလ ၂၀၂၁ မှ ၂၀၂၄ ကြား အမေရိကန်သို့ ဝင်လာတဲ့ မြန်မာဒုက္ခသည်တွေကို ပြန်လည်စိစစ်ပြီး နေရပ်ပြန်ပို့မယ်လို့ အစောပိုင်းက ဆိုထားပါတယ်။
နောက်ပြီး ရာဇဝတ်မှုတစ်ခုခု ကျူးလွန်တဲ့ဒုက္ခသည်တွေကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့မှု (deportation)ကို ထရမ့်အစိုးရ ပြုလုပ်နေပါတယ်။






















